top of page

ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်မှ အာရက္ခပြည်အနှံ့ စစ်ရေးပစ်မှတ်မဟုတ်သော နေရာများအား ဆက်တိုက်ဗုံးကြဲလျက်ရှိနေပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်းဆက်လက်ကျူးလွန်နေ

sawsaw310126
Oct 2
2 min read



ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်မှ အာရက္ခပြည်အနှံ့ စစ်ရေးပစ်မှတ်မဟုတ်သော နေရာများအား ဆက်တိုက်ဗုံးကြဲလျက်ရှိနေပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်းဆက်လက်ကျူးလွန်နေ


၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်


၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့တွင် အာရက္ခပြည်၊ ကျောက်တော်မြို့၊ အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတားအနီးဝန်းကျင်တို့ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်မှ ဂျက်တိုက်လေယာဉ်ဖြင့် ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဈေးရောင်း ဈေးဝယ်သူ၊ ကုန်သည်များ၊ လမ်းသွားလမ်းလာ ခရီးသွားပြည်သူများအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူစုစုပေါင်း (၅၀) ဦး အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရပြီး (၅၇) ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ ထိုအထဲမှ (၂၁) ဦးမှာ လက်ရှိအချိန်အထိ ပြင်းထန်ဒဏ်ရာများဖြင့် ဆေးကုသမှုခံယူနေရဆဲဖြစ်သည်။


ကျောက်တော်မြို့၊ အိန္ဒိယဈေးလေကြောင်းတိုက်ခိုက်ခံရ၍ လူအစုလိုက်အပြုံလိုက်သေဆုံးခဲ့သည့် ဖြစ်စဉ်နောက်ပိုင်းတွင်လည်း ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ဝီရဌာနေ(ပေါက်တော)၊ ကျောက်တော်နှင့် သံတွဲ မြို့တို့ရှိ စစ်ရေးပစ်မှတ်မဟုတ်သောနေရာများကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်မှ ဂျက်တိုက်လေယာဉ်များအုပ်စုလိုက်ဖြင့် ထပ်မံ အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်ခြင်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိသည်။


၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့၊ ည (၉) နာရီအချိန်ခန့်တွင် ပုဏ္ဏားကျွန်းမြို့ နှင့် ကျောက်ဆိပ်ကျေးရွာအကြားရှိ စစ်ဘေးရှောင်များနေထိုင်သည့် နေရာများထဲမှတစ်ခုကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်မှ ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် (၂) ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုအတွင်း စစ်ဘေးရှောင်ပြည်သူများဖြစ်ကြသည့် မောင်နေကျော်လင်း (၄ နှစ်)၊ မခင်ခင်သန်း (၂၉ နှစ်) နှင့် မောင်မောင်ဌေးဝင်း (၂၈ နှစ်) တို့ (၃) ဦးမှာ ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြပြီး လူနေအိမ်အဆောက်အအုံအချို့ ပျက်စီးဆုံးရှုံးခဲ့ရသည်။


၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့၊ ည (၁၀) နာရီနှင့် (၁၀) နာရီခွဲ အချိန်ခန့်တို့တွင်လည်း ရသေ့တောင်မြို့နယ်၊ ကူတောင်ကျေးရွာအနီးဝန်းကျင်ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်မှ ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် (၂) ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ၎င်းကျေးရွာနေ ဦးမောင်ထွန်းသိန်း (၅၂ နှစ်) မှာ ဗုံးစထိမှန်ပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။ ထို့အပြင် ဦးမောင်ထွန်းသိန်း၏ ဇနီးဖြစ်သူ ဒေါ်ဝင်းနု (၄၅ နှစ်) မှာ ကျောပြင်တစ်ခုလုံး ဒဏ်ရာများရရှိခဲ့သည်။


၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့၊ ည (၁၁) နာရီ (၅၆) မိနစ်အချိန်ခန့်တွင် ဝီရဌာနေ (ပေါက်တော) မြို့ပေါ်အပါအဝင် ဒါးကိုင်နှင့် ကြိမ်ခွေမော်ရွာတောင်ကြားလမ်းတို့ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်မှ Y-12 လေယာဉ်တစ်စီးဖြင့် နာရီဝက်နီးပါးအတွင်း ဗုံးသီးအလုံးရေ (၃၀) ခန့်ကြဲချတိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုအတွင်း ဝီရဌာနေမြို့ထဲမှ ဒေါ်မသန်းယဉ် (၆၈ နှစ်)၊ ဒေါ်လှကျော့ယဉ် (၅၃ နှစ်) (ဒဏ်ရာပြင်းထန်) နှင့် မခင်ခင်ဌေး (၂၃ နှစ်) တို့မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။ ထို့အပြင် ဘုန်းကြီးကျောင်းနှင့် လူနေအိမ်အဆောက်အအုံအချို့ ပျက်စီးဆုံးရှုံးခဲ့ရသည်။


၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၃၅) မိနစ်ခန့်တွင် ကျောက်တော် သစ်တစ်ပုံဆည်အနီးဝန်းကျင်နှင့် သကြားစက်ကျေးရွာ ဘုန်းကြီးကျောင်းအနီးဝန်းကျင်တို့ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်မှ ဂျက်တိုက်လေယာဉ် (၇) စီး၊ Y-12 လေယာဉ်တစ်စီးတို့ဖြင့် (၁) နာရီခွဲအတွင်း ဗုံးအလုံးရေ (၄၀) ခန့် ကြဲချတိုက်ခိုက်ခဲ့သည်။ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုအတွင်း သကြားစက်ကျေးရွာ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဘုန်းကြီးကျောင်းဆောင်တစ်ခုလုံးမှာ လုံးဝပျက်စီးသွားခဲ့ရသည်။


ထို့အပြင် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့၊ နေ့လယ် (၁) နာရီ (၅၂) မိနစ်အချိန်ခန့်တွင် သံတွဲမြို့၊ အမှတ် (၆) ရပ်ကွက်၊ ဗောဓိကုန်းဈေးအနီးကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်မှ ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အမှတ် (၆) ရပ်ကွက်နေ ဦးစည်သူ (၄၅ နှစ်) နှင့် ဒေါ်မေသန္တာဝင်း (၃၈ နှစ်) တို့ (၂) ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြသည်။ လူနေအိမ် (၁) လုံးလည်းပျက်စီးဆုံးရှုံးခဲ့ရသည်။


၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့၊ နံနက် (၀၀:၅၀) နာရီအချိန်ခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာမှ ကိုပိန်ကားဝပ်ရှော့ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်မှ ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကိုပိန်၏ဇနီး ဒေါ်ခင်ဝေစိုးနှင့် တပည့်ဖြစ်သူ မောင်ကျော်မိုးလွင်တို့ (၂) ဦး ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြသည်။ ထို့အပြင် ကားဝပ်ရှော့ရှိ ကားများနှင့် နေအိမ် (၂) လုံးပျက်စီး ဆုံးရှုံးခဲ့ရသည်။


(ဓာတ်ပုံ-၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်မှ အောက်တိုဘာလ (၂) ရက်နေ့အထိ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်၏ အာရက္ခပြည်အနှံ့ စစ်ရေးပစ်မှတ်မဟုတ်သော နေရာများအား လေကြောင်းမှ အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိမှုနှင့် ဘာသာရေးအဆောက်အအုံ၊ နေအိမ်အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှု မှတ်တမ်းဓာတ်ပုံအချို့)


သတင်းနှင့်ပြန်ကြားရေး

အာရက္ခတပ်တော်


Comments


Subscribe to Our Newsletter

  • White Facebook Icon

© 2035 by TheHours. Powered and secured by Wix

bottom of page